ရွှေတောင်မှာနား ရွှေကျီး
ကျီးကန်းသည် ရွှေတောင်မှာနားသဖြင့်သာ ရွှေကျီးအခေါ်ခံရသကဲ့သို့ ဂုဏ်အရည်အချင်းမရှိသူ သည် ဂုဏ်သရေရှိအသိုင်းအဝိုင်းသို့ ရောက်ရှိလာသဖြင့်သာ ဂုဏ်ရှိသူဟုအခေါ်ခံနေရခြင်းဖြစ်သည်။ (ရွှေတောင်မှာနား ရွှေကျေး - ဟူ၍လည်း အသုံးရှိသည်။)
ရှေးသရောအခါ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ညီတော်ရွှေဟင်္သာနှင့်အတူ စိတ္တကုဋ်တောင် ၌ နေ၏။ တစ်နေ့သ၌ ရွှေဟင်္သာညီနောင်သည် ဟိမဝန္တာမှ သလေးစပါးကိုစားပြီး စိတ္တကုဋ်တောင်သို့ ပြန်လာရာ လမ်းခရီးအကြား တစ်ခုသော ရွှေတောင်ကိုမြင်၍ ထိုတောင်ထိပ်၌ နားကြ၏။ ထိုတောင် ထိပ်၌ နေကုန်သော ကျေးငှက်၊ သားကောင်အပေါင်းသည် ရွှေတောင်၏အရောင်ဟပ်မှုကြောင့် ရွှေ အဆင်း ချည်းရှိကုန်၏။ ညီဟင်္သာက ဤတောင်၌ ကျီးငှက်တို့သည် လည်းကောင်း၊ ငါတို့ရွှေဟင်္သာ တို့သည် လည်းကောင်း ရွှေရောင်ချည်း အတူတူ ဖြစ်ကြကုန်၏။ ဤတောင်ကား အဘယ်မည်သော တောင်နည်းဟု မေး၏။ နောင်တော် ရွှေဟင်္သာမင်းက ဤတောင်သည် လာလာသမျှ အားလုံးသော သတ္တဝါတို့ကို ရွှေအရောင်ဖြစ်စေ၍ နေရုတောင် ခေါ်ကြောင်း ဖြေ၏။ ထိုအခါ ညီတော်ရွှေဟင်္သာက လိမ္မာသောသူနှင့်ညံ့ဖျင်းသောသူ၊ ရဲရင့်သောသူနှင့်ကြောက်တတ်သောသူတို့ကို မခွဲမခြား၊ တစ်တန်း တစ်စားတည်းထားသောအရပ်တွင် ပညာရှိသူတော်ကောင်းတို့ မနေကြကုန်သကဲ့သို့ အယုတ်အလတ် အမြတ် ခွဲခြားခြင်းမပြုသော ဤတောင်၌နေ၍ အဘယ်အကျိုး ရှိအံ့နည်းဆို၍ ရွှေဟင်္သာ ညီနောင် သည် စိတ္တကုဋ်တောင်သို့ ပျံသွားကြလေသည်။
No comments:
Post a Comment