ဆင်ပြောင်ကြီး အမြီးကျမှတစ်
ဆင်ပြောင်ကြီး တစ်ကိုယ်လုံး လွတ်လွတ်ကျွတ်ကျွတ် ထွက်နိုင်ပြီး အမြီးကျမှတစ်သည် ဆိုသကဲ့ သို့ လုပ်ငန်းတစ်ခုကို ချောချော မောမော ဆောင်ရွက်လာပြီး နောက်ဆုံးကျမှ အထစ်ထစ် အငေါ့ငေါ့ ဖြစ်ရသည်။
ဝေဿဘူဘုရား လက်ထက်က ကုမာရကဿပမည်သော ရဟန်းတစ်ပါးသည် သူဌေးအိမ်မှ ဆွမ်းကျွေး ပင့်ဖိတ်သဖြင့် ကြွရောက်ရာ သူဌေးသမီးကိုမြင်၍ တပ်မက်စွဲလမ်းစိတ်ဖြင့် မကျန်းမမာ ဖြစ်လေ၏။ ထိုအခါ သူဌေး၏ စည်းစိမ်စောင့် နတ်သည် သူဌေးသမီး ရုပ်ဟန်ကို လည်းကောင်း၊ ရဟန်း၏ ဥယာဉ်စောင့်နတ်သည် ဆင်၏အသွင်သဏ္ဌာန်ကို လည်းကောင်း ဖန်ဆင်း၍ သူဌေးသမီးကို ဖမ်းမည့်ဟန်ဖြင့် ဆင်ကလိုက်လေသည်။ သူဌေးသမီးလည်း ရဟန်း၏ ကျောင်းပေါ်သို့ တက်ပြေးကာ ရဟန်းအနီးရှိ ကရားသို့ ဝင်ပြေးလေသည်။ ဆင်လည်း ကရားတွင်းသို့ ဝင်လိုက်ရာ သူဌေးသမီးက ကရား၏နှုတ်သီးမှ ထွက်ပြေးလွတ်မြောက် သွားလေသည်။ ဆင်ကား ကရားနှုတ်သီးမှ ကိုယ်ခန္ဓာ ထွက်လာသော်လည်း အမြီးမှာမူ မထွက်နိုင်ဘဲ တစ်နေလေသည်။ ရဟန်းသည် ထိုအခြင်းအရာကို မြင်ပြီး ငြိတွယ်ခြင်း သဘောကို ဆင်ခြင်မိသဖြင့် ရဟန္တာ အဖြစ်သို့ ရောက်လေ၏။
No comments:
Post a Comment